ယခုခေတ်တွင် ပစ္စည်းတစ်ခုနှင့် တစ်ခုရောင်းဝယ်ကြရာတွင် ငွေစက္ကူကို အသုံးပြုကြသည်။ ငွေစက္ကူမပေါ်ခင်ကမူ ငွေစက္ကူအစား ငွေဒင်္ဂါးများကို အသုံးပြုကြရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ငွေဒင်္ဂါးကို အမရပူရနန်းတည် ဘိုးတော်ဘုရား လက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးများကို မှာယူ၍ ၁၁၄၆ခုနှစ် နယုန်လပြည့်ကျော် (၁)ရက်နေ့တွင် ပြည်တွင်းသုံးဒင်္ဂါးများကို စတင်ထုတ်လုပ်သုံးစွဲခဲ့သည်။ ငွေဒင်္ဂါး ၏ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ မွေးနံသင့်ဖြစ်သော ကျားတံဆိပ်ကို ရိုက်နှိပ်ထားပြီး အခြားတစ်ဖက်တွင် ၁၁၄၆-ခု၊ အမရပူရ ဆင်ဖြူများရှင်နိုင်ငံဟု ရေးသားထားသည်။ ငွေဒင်္ဂါးများသာမက ကြေးဒင်္ဂါးများကိုပါ ထုတ်လုပ်ခဲ့ပါသေးသည်။ ကြေးဒင်္ဂါးများတွင်မူ တစ်ဖက်တွင် ငါးရုပ်ဖိုမတံဆိပ်ကို ရိုက်နှိပ်ထားပြီး အခြားတစ်ဖက်တွင် ဘိုးတော်ဘုရားနန်းတက်ငေည ၁၁၄၃-ခု၊ တပိုတွဲလပြည့်ကျော် (၁၄) ရက်ဟု ရေးသားထားသည်။ ယင်းဒင်္ဂါးနှစ်မျိုးကို အမရပူရခေတ် ဒင်္ဂါး ဟု ခေါ်ဆိုကြသည်။ ယင်း ဒင်္ဂါး၂ မျိုးအပြင် ရွှေပြည်စိုး တံဆိပ်တော် ငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါးများလည်း သုံးစွဲခဲ့သေးသည်။
ရွှေဘို(သာယာဝတီ)မင်း လက်ထက်တွင်သွန်းလုပ်သော ငွေဒင်္ဂါးများမှာ တစ်ဖက်က လဝန်းနှင့်ယုန်ရုပ်ပါပြီး ၊ တစ်ဖက်က ပဒုမ္မာကြာပန်းပုံ ပါရှိသည်။ ပုဂံမင်း လက်ထက်ထုတ် ငွေဒင်္ဂါးများတွင်မူ တစ်ဖက်တွင် ရွေပြည်စိုးတံဆိပ် ခတ်နှိပ်၍ တစ်ဖက်တွင် သာသနာနှစ် ၁၃၉၀ ဟု ရေးထိုးထားသည်။
မင်းတုန်းမင်း လက်ထက်တွင်မူ ကနောင်မင်းသားကြီးနှင့် ယောမင်းကြီးဦးဘိုးလှိုင်တို့ ဦးဆောင်မှုဖြင့် အနောက်နိုင်ငံသို့ ပညာတော်သင်များစေလွှတ်ခဲ့သည်။ထိုပညာတော်သင်တို့၏ အစွမ်းဖြင့် ဒင်္ဂါးသွန်းစက်ရုံကြီးကို မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်နေ့တွင် မန္တလေးနေပြည်တော် နန်းမြို့တော်အတွင်းတွင် ဖွင့်လှစ်ကာ ဒင်္ဂါးများ စတင်သွန်းလုပ်ခဲ့သည်။ ယင်းဒင်္ဂါးစက်ရုံမှ ငွေဒင်္ဂါးများသာမက ရွှေ ၊ ကြေး ၊ သံဖြူ နှင့် ခဲဒင်္ဂါးများပါ ထုတ်လုပ်ခဲ့သည်။  ငွေဒင်္ဂါးများကို တစ်ကျပ် ၊ ငါးမူး ၊ တစ်မတ် ၊ တစ်မူး ၊ တစ်ပဲ ပေါင်း ငါးမျိုးရှိသည်။ ရတနာပုံနေပြည်တော် ဟူသော စာတန်းကို ပန်းခွေဖြင့် အနားပတ်လည်တွင် ခွေထားပြီး ပန်းခွေအကြားတွင် ၁ သုံး ဒင်္ဂါး ၁၂၁၄ ဟူသောစာတန်းကို ထည့်သွင်းထားသည်။
ထိုဒင်္ဂါးများအပြင်  ခြင်္သေ့ဒင်္ဂါးများ၊  ယုန်ဒင်္ဂါး၊ထိုးနယား ဒင်္ဂါးများကိုလည်း သွန်းလုပ်ခဲ့သေးသည်။ သီပေါမင်းပါတော်မူပြီးနောက် ထိုဒင်္ဂါးစက်ရုံ  နှင့် သေနတ်စက်ရုံတို့ကို အင်္ဂလိပ်တို့က စတာလင်ပေါင်ငွေပေါင်း ၂၄၀ တန်ဖိုးဖြတ်၍ အဖိုးငွေ ၁၀ဝ၀ ကျပ်နှင့် ရောင်းရန်ကြေငြာခဲ့သည်။ မည်သို့ အရောင်းအဝယ်ဖြစ်သွားသည်ကိုမူ အတိအကျအထောက်အထား မတွေ့ရပေ။
Ref;
 မြန်မာ့ဒင်္ဂါးသမိုင်း - သန်းဝင်းလှိုင်
သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက် ၁၀ဝ - နန္ဒာမိုးကြယ်