စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက် အော်ပရေတာတွေ အပြိုင်အဆိုင်ရှိလာပြီးတဲ့နောက် အင်တာနက်အသုံးပြုခြင်းအတွက် ကုန်ကျစရိတ်ဟာ အရင်လို အချိတ်သတ်မှတ်ချက်(time base) စနစ်နဲ့ မဟုတ်တော့ပဲ (data base) စနစ်တွေပါပေါ်ပေါက်လာခဲ့ပါတယ်။ အင်တာနက်မြန်ဆန်ခြင်းဆိုတဲ့ အရေးပါမှုတစ်ခုတည်းနဲ့ အားလုံးဟာ data base စနစ်ကို မျက်စိကျလာရပါတော့တယ်။ ဒါပေမယ့် ကိုယ်အသုံးပြုတဲ့ ပမာဏအလိုက် ပေးဆောင်ရတဲ့ data base စနစ်ဟာ စမတ်ဖုန်းအကြောင်း နားလည်ထားဖို့တော့ လိုပါတယ်။ ဒါမှသာ သင်မလိုအပ်ပဲ ကုန်ကျနေတဲ့ အင်တာနက်စရိတ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဘယ်သူမှ အင်တာနက်ဖိုးကုန်ကျငွေကို ခပ်များများ ပေးဆောင်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စမတ်ဖုန်းသုံးတဲ့အခါ အင်တာနက် data တွေ ဘယ်လိုလျှော့ချရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ သင် ဘယ်လောက်ပမာဏ သုံးစွဲမှာလဲ သင့်အနေနဲ့ အင်တာနက်အသုံးပြုမှုကို တစ်လမှာ ဘယ်လောက်ပမာဏ သုံးစွဲမှာလဲဆိုတာ ရွေးချယ်ထားသင့်ပါတယ်။ တစ်လအတွက် 1 GB၊ 2 GB စတဲ့ရွေးချယ်မှုတွေကို သင်ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို သင်ဘယ်လောက်ပမာဏ သုံးစွဲမယ်ဆိုတာမျိုး Android စမတ်ဖုန်းတွေမှာလည်း စကန့်သတ်ထားနိုင်သလို IOS သုံး iPhone တွေမှာလည်း စီမံထားနိုင်ပါတယ်။ သင့်ရဲ့ဖုန်းမှာ ဒီလိုစွမ်းဆောင်ပေးတဲ့ ဆော့ဖ်ဝဲပါမလာခဲ့ရင် app တစ်မျိုးမျိုးနဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီအချက်မှာ အဓိကကျတာကတော့ သင့်ရဲ့တစ်နေ့တာ သို့မဟုတ် တပတ်တာ အင်တာနက်သုံးစွဲမှု ပမာဏ ဘယ်လောက်ဆိုတာကို သတ်မှတ်ထားဖို့ လိုတယ်ဆိုတာပါပဲ။ ၂။ Wi-Fi များများသုံးပါ သင်ရုံးမှာရှိနေတဲ့အခါ ဒါမှမဟုတ် Wi-Fi ရတဲ့ ကော်ဖီဆိုင်လို၊ ဟိုတယ်လို နေရာမျိုးတွေရောက်တဲ့အခါ သုံးဖို့မမေ့ပါနဲ့။ Wi-Fi ရတဲ့နေရာတိုင်း အင်တာနက်ပေါ်က သင်လုပ်စရာရှိတာတွေလုပ်တက်တဲ့ အကျင့်ဖြစ်နေပါစေ။ သင့်ရဲ့ဖုန်း Setting ထဲဝင်ပြီး Wi-Fi မိတဲ့နေရာရောက်တဲ့အခါ 3G ပိတ်ပြီး Wi-Fi အလိုလိုပွင့်လာစေအောင် စီမံထားလို့ရပါတယ်။ Wi-Fi Finder ဆိုတဲ့ apps မျိုးတွေကို Android မှာရော iOS မှာပါ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။ ၃။ နောက်ကွယ်မှ အလုပ်လုပ်နေသည့် apps များကို ပိတ်ထားပါ။ တစ်ချို့ application တွေက သင်မသိလိုက်ပဲ နောက်ကွယ်မှာ အလုပ်လုပ်နေတာမျိုးတွေရှိပါတယ်။ အင်တာနက် အသုံးပြုတဲ့အချိန်ရောက်လာတဲ့အခါ အဲဒီလို app တွေကြောင့် သင့်ရဲ့ data ဟာ အမှန်တကယ် အသုံးပြုတဲ့ပမာဏထက် ပိုမိုကုန်ကျသွားစေပါတယ်။ ဒါကြောင့်သင့်ရဲ့ဖုန်း Setting ထဲကိုဝင်ပြီး ပြန်လည်စစ်ဆေးကြည့်လိုက်ပါ။ ဥပမာ အင်တာနက်ရတဲ့ အချိန်မှာ Facebook ကိုအလိုအလျောက် update လုပ်တာမျိုး၊ email အသစ်ရှိ၊ မရှိ စစ်ဆေးတာမျိုးတွေ ဖြစ်တက်ပါတယ်။ အဲဒါကြောင့် ဂရုစိုက်ပိတ်ထားဖို့ လိုပါတယ်။ တဆက်တည်းဆိုသလို သင့်ကို remind လုပ်နေတဲ့ notifications တွေကိုလည်း ပိတ်ထားဖို့လိုပါတယ်။ သင့်အတွက် မလိုအပ်တဲ့ app တွေဆီက Notifications တွေကို ပိတ်ဖြစ်အောင် ပိတ်ထားလိုက်ပါ။ ၄။ Browser တွေပြောင်းသုံးကြည့်ပါ။ သင်ဟာ လူမှုကွန်ယက်ဖြစ်တဲ့ facebook ကိုပဲ အဓိကထားအသုံးပြုသူ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် facebook ပေါ်မှာရှိနေတဲ့ link တွေကိုနှိပ်တဲ့အခါ သင့်ရဲ့ Browser တွေကနေတဆင့် ဖွင့်တာမျိုး ရှိပါတယ်။ သင်ဟာ အခြားဝက်ဘ်ဆိုက်တွေကြည့်ဖို့အတွက် Browser ကိုမကြာခဏဖွင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ သင်အင်တာနက် data ပမာဏကုန်တာများနေပြိဆိုရင် Browser ကိုလည်း ပြောင်းလဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။  Opera Mini လို Browser တွေက data သုံးစွဲမှုပမာဏကို သက်သာစေပါတယ်။ ၅။ နောက်မှဖတ်ပါ သင် facebook ဖွင့်နေရင်းပဲဖြစ်ဖြစ်၊ website တစ်ခုခုကိုသွားပြီး ကြည့်စရာရှိတာ ကြည့်တာပဲ ဖြစ်ဖြစ် နောက်မှ ဖတ်လို့ရအောင် လုပ်ထားလို့ရပါတယ်။ ဆိုလိုတာက သင် Wi-Fi ရနေတုန်းမှာ ဖတ်ချင်တဲ့ စာမျက်နှာတွေကို သိမ်းထားလို့ရတဲ့ app မျိုးတွေရှိပါတယ်။ သင်အေးအေးဆေးဆေးဖြစ်တော့မှ အင်တာနက်ဖွင့်စရာမလိုပဲ ဖတ်နိုင်တဲ့ app မျိုးတွေရှိပါတယ်။  Pocket လို app မျိုးတွေကို ဒီနေရာမှာသုံးဖို့အတွက် Android မှာရော IOS မှာပါ ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း စာသားတွေကို ကော်ပီကူးပြီး သင့်ရဲ့ Notes ထဲမှာ သိမ်းထားလိုက်ပါ။ ၆။ ဗီဒီယိုဖိုင်တွေ auto-play မလုပ်မိပါစေနဲ့ မြန်မာပြည်မှာဆိုရင်တော့ သင်က facebook ကိုအများဆုံးအသုံးပြုဖြစ်နေမယ်လို့ ထင်ပါတယ်။ facebook ကိုအမြဲသုံးဖြစ်တယ်ဆိုရင်သတိထားရမှာပါ News feed ကိုကြည့်တဲ့အခါ ဗီဒီယိုဖိုင်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုကြည့်တဲ့အခါ သင်ဖွင့်စရာမလိုပဲ facebook ပေါ်ကဗီဒီယိုဖိုင်တွေ အလိုအလျောက်ပွင့်နေတာမျိုး ကြုံချင် ကြုံရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ facebook setting ထဲဝင်ပြီး အလိုအလျောက်ဗီဒီယိုဖိုင်တွေ ပွင့်နေတာကို ပိတ်ထားဖို့ လိုမှာဖြစ်ပါတယ်။ အင်တာနက် data ပမာဏလျှော့ချဖို့အတွက် သင်လုပ်ဖို့လိုအပ်တဲ့ အရာတွေပြန်ပြောရရင် ၁။ သင်တစ်နေ့ဘယ်လောက်သုံးမှာလဲ ကန့်သတ်ထားပါ။ ၂။ ဖြစ်နိုင်သမျှ Wi-Fi သုံးပါ။ ၃။ Background App များကိုပိတ်ပါ/ Notifications များပိတ်ပါ။ ၄။ Browser တွေပြောင်းသုံးကြည့်ပါ။ ၅။ ဖတ်စရာရှိတာတွေသိမ်းပြီး နောက်မှဖတ်ပါ။ ၆။ ဗီဒီယိုဖိုင်တွေ auto-play မဖြစ်ပါစေနဲ့ Credit – Duwun