ချစ်ရသူတွေအတွက် နေ့ထူးလေးတစ်ရက်ဖြစ်တဲ့ ဗယ်လင်တိုင်းနေ့မှာ ဆင်တူအကျီလေးတွေ ၀တ်ပြီး လျှောက်လည်နေကြတဲ့ စုံတွဲတွေ၊ ကိုယ့်ချစ်သူကို လက်ဆောင်တွေ ပေးရင် ကြည်နူးနေကြတဲ့ စုံတွဲတွေကြား သင်ကတော့ သင့်ချစ်သူရဲ့ အဝေးတစ်နေရာမှာ ရောက်ရှိနေတာမို့ အဲ့ဒီနေ့လေးကို နှစ်ဦးစလုံးအတွက် ထူးခြားတဲ့နေ့လေးဖန်တီးဖို့ ဘယ်လိုလုပ်ဆောင်ရမှန်း မသိဖြစ်နေတယ်ဆိုရင် နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

၁။Skype ဒင်နာဒိတ်လေး စီစဉ်လိုက်ပါ။
နှစ်ဦးသား ညတိုင်း Skype ပြောဖြစ်ကြတယ်ဆိုရင် ခုလည်း ကိုယ်အကြိုက်ဆုံး အစားအစာ၊ သူအကြိုက်ဆုံးအစားအစာတွေ စီစဉ်ပြီး Skype ဖွင့်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စားဖို့အတွက် ဒင်နာဒိတ်လေး စီစဉ်လို့ ရတာပဲလေ။ ဒါလည်း ကြည်နူးစရာပေါ့။

၂။ဗယ်လင်တိုင်းနေ့လေးမှာ ကိုယ့်ချစ်သူဆီ စာပို့ပါ။
သင်တို့နှစ်ဦးကြားမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေကသာ အရေးပါနေတယ်ဆိုရင် ဗယ်လင်တိုင်းနေ့လေးမှာ သင့်ချစ်သူ ပျော်ရွှင်သွားအောင် ထူးထူးခြားခြား လုပ်ဆောင်နိုင်တာကတော့ ချစ်သူဆီကို ပို့စကတ်၊ စာ၊ ဒါမှမဟုတ် သင့်ချစ်သူ ကြိုက်နှစ်သက်မယ့် လက်ဆောင် တစ်ခုခုကိ စာတိုက်ကနေ ပို့လို့ရတယ်ဆိုတာပါပဲ။  အဲ့ဒီနေ့မှာ အတိအကျ ကိုယ့်ချစ်သူဆီ ရောက်ဖို့တော့ လိုတာပေါ့နော်။

၃။မတူညီတဲ့အချိန်တွေမှာ ဖွင့်ဖတ်နိုင်မယ့် စာတွေအများကြီး ရေးပို့နိုင်ပါသေးတယ်။
ဗယ်လင်တိုင်းနေ့မှာ သင်ဟာ သင့်ချစ်သူကို စာပို့တယ်ဆိုတာ ရိုးပေမယ့် ထိရောက်ပါတယ်။ ပိုပြီး ထိရောက်ချင်တယ်ဆိုရင် စာအိတ်အကြီးတစ်ခုထဲမှာ စာအိတ်အသေးလေးတွေအများကြီးနဲ့ စာလေးတွေ ထည့်ပို့လိုက်ပါ။ တစ်စောင်ချင်းစီမှာ ၀မ်းနည်းတဲ့အခါ ဖတ်ဖို့ ၊ အထီးကျန်နေတဲ့အချိန် ဖတ်ဖို့၊ စိတ်အလိုမကျ ဖြစ်နေတဲ့အခါ ဖတ်ဖို့ စတဲ့ ခေါင်းစဉ်ကွဲလေးတွေနဲ့ စာတစ်စောင်စီရေးပြီး သူ့ကို လက်ဆောင်အသေးလေးတွေနဲ့ ရောပို့နိုင်ပါတယ်နော်။

၎။တွေ့ရမယ့်ရက်တွေအထိ ရေတွက်ပြီး စာတိုလေးတွေ ဖတ်လို့ရအောင်လုပ်ပါ။
ဒါကလည်း ရိုမန်တစ်ဆန်တဲ့ နည်းလေးပါပဲ။ သင်တို့နှစ်ဦးပြန်ဆုံမယ့် နေ့ကို တွက်ချက်ပြီး အဲ့ဒီရက်တွေအထိ သင့်ချစ်သူ စိတ်အားမငယ်စေဖို့ ဖန်ပုလင်းလှလှလေးထဲမှာ သင့်ချစ်သူအကြောင်း၊ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ရေးထားတဲ့ စာတိုလေးတွေ အတိအကျ ထည့်ပြီး ပို့လိုက်ပါ။ သူ့ကိုတစ်ရက်ချင်းစီ တစ်ခုချင်းစီ ဖွင့်ဖတ်ဖို့ ပြောပါ။ ဒါဆို သူလည်း အထီးကျန်တာမျိုး နည်းသွားမှာပါ။

၅။သူမနိုးနိုးချင်း ဗယ်လယ်တိုင်းဆုမွန်ကောင်း ခြွေပေးသူ၊ အိပ်ခါနီး ဆုမွန်ကောင်းခြွေပေးသူဟာ သင်ဖြစ်ပါစေ။
ဗယ်လင်တိုင်းနေ့မှာ သင့်ချစ်သူ မနိုးခင်အချိန် သင်နိုးနေတာ ကောင်းပါတယ်။ သူမကို ဖုန်းခေါ်နေကျအချိန်ထက် နည်းနည်းစောပြီး သူမကို ဖုန်းခေါ်ကာ ဆုမွန်ကောင်းခြွေပေးလိုက်ပါ။ ညဘက် သူမ မအိပ်ခင်အချိန်မှာလည်း ထပ်ပြီး သူမကို ဘယ်လောက်ချစ်ကြောင်း ဒီနေ့အတွက် ထူးထူးခြားခြားလေး ပြောလိုက်ပါဦး။

    ၆။တွေ့တဲ့အချိန်မှာ ဗယ်လင်တိုင်းနေ့ကို ကျင်းပလည်း နောက်မကျပါဘူး။
သင်တို့နှစ်ဦး ပြန်ဆုံရမယ့်အချိန်က မတ်လမှလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဧပြီမှလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါဆိုရင် ပြန်ဆုံချိန်ကျမှ နှစ်ဦးသား ဗယ်လင်တိုင်းနေ့လေးကို ကျင်းပလို့ရပါသေးတယ်။ အတိုးချပြီးတော့ပေါ့။
၇။တခြားလူတစ်ဦးကို အကူအညီတောင်းပြီး အဲ့ဒီနေ့လေး လှအောင် ကူညီခိုင်းပါ။
သင့်ချစ်သူနဲ့အတူနေတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို သင့်ချစ်သူကို ပေးချင်တဲ့ လက်ဆောင်တွေ စုပြီး ပို့လိုက်ပါ။ အဲ့ဒီနေ့လေးမှာ သူ့ကို ဘယ်လိုလေး ပြင်ဆင်ပေးပါလို့ အကူအညီတောင်းကြည့်ပါ။ သူကသာ ကူညီတယ်ဆို သင့်ချစ်သူလည်း တကယ်ကို ၀မ်းသာပြီး suprise ဖြစ်သွားမှာပေါ့။
၈။သူမ မသိအောင် သူမဆီပြန်လာပြီး တွေ့ဆုံလိုက်ပါ။
ဒီအစီအစဉ်ကတော့ suprise ဖြစ်လွန်းပါလိမ့်မယ်။ အကုန်အကျလည်း များနိုင်ပါတယ်။ သင့်မှ အလုပ်ကနေ ခွင့်ယူလို့မရ၊ပျက်ကွက်လို့ မရဘူးဆိုရင်တော့ ဒီမျိုးစီစဉ်ဖို့ ခက်ခဲပါလိမ့်မယ်။ တကယ်လို့ စီစဉ်နိုင်တယ်ဆိုရင်တော့ သင့်ချစ်သူ တကယ်ကို ပျော်ရွှင်သွားမယ့် အစီအစဉ်လေးပါ။ သူမ မသိအောင် ခရီးစဉ်ဆွဲပြီး သူမကို ဗယ်လင်တိုင်းနေ့မှာ လာတွေ့လိုက်ပါ။ သေချာတာကတော့ သူမတစ်သက် အဲ့ဒီနေ့လေးကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
Ref:cosmopolitan