Samsung Galaxy J7
အားသာချက်
ဈေးနှုန်းအလည် အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ပါဝင် ဖွဲ့စည်းပေးထားသော မှတ်ဉာဏ်၊ ကင်မရာ၊ Screen အစရှိသော စနစ်ပိုင်းများတွင် ကောင်းမွန်သည်။ ရှေ့ကင်မရာတွင် Flash မီးစနစ် ပါဝင်သောကြောင့် Selfie သမားများအတွက် အကြိုက်တွေ့စေမည့် ဖုန်းအမျိုးအစား ဖြစ်သည်။ ဖုန်းတွင်ပါဝင်သော ဘက်ထရီမှာလည်း သိုလှောင်နိုင်မှု ပမာဏ မြင့်မားသောကြောင့် ပါဝါအသုံးပြု ရာတွင်လည်း အချိန်ကြာကြာ အသုံးပြုနိုင်မည် ဖြစ်သည်။
အားနည်းချက်
မြန်မာစာတစ်ပါတည်း ပါဝင်သော်လည်း ဖုန်းတွင်ပါဝင်သော ဇော်ဂျီမြန်မာစာနှင့် ယူနီကုတ် မြန်မာစာတို့ကို အသုံးပြုပါက ဖုန်းစနစ်တစ်ခုလုံး မြန်မာစာဖြင့် ပြောင်းလဲသွားမည်ဖြစ်ပြီး  Setting များအား အင်္ဂလိပ်စာဖြင့် အသုံးပြုပါက Facebook နှင့် ဖုန်း Message တို့ရှိ မြန်မာစာများအား မြင်ရမည် မဟုတ်သောကြောင့် အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးလုံး တစ်ပြိုင်တည်း အသုံးပြုနိုင်မည် မဟုတ်ပါ။
ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ ထောင့်အနားလေးဖက် အဝိုက်ပုံစံမျိုး ပြုလုပ်ထားခြင်းဖြစ်ပြီး အရွယ်အစားမှာလည်း အနည်းငယ် ကြီးမားသည်ဟု ထင်ရသော်လည်း ကိုင်တွယ်အသုံးပြုချိန်တွင် လက်ထဲ၌ ကိုင်တွယ်ရန် အဆင်ပြေသည်ဟု ဆိုနိုင်သော ပုံစံအရွယ်အစားမျိုး ဖြစ်သည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်များကို သတ္တုကိုယ်ထည် ပုံစံမျိုးဖွဲ့စည်း တည်ဆောက်ပေးထားခြင်းဖြစ်ပြီး နောက်ဘက်ကာဗာမှာ ပလတ်စတစ် ကာဗာဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၂၂ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၇.၈၇ စင်တီမီတာ ဖြစ်သည်။ ထုထည်မှာ ၀.၇၅ စင်တီမီတာ ဖြစ်သောကြောင့် ပါးသည်ဟုဆိုနိုင်သော အရွယ်အစားမျိုးဖြစ်ပြီး အလေးချိန်မှာ ၁၇၁ ဂရမ် ရှိမည်ဖြစ်သည်။
မြင်ကွင်း
ဖုန်း၏ Screen မျက်နှာပြင်မှာ ၅.၅ လက်မရှိသော Super AMOLED Screen အမျိုးအစားဖြစ်ပြီး 720 x 1280 Pixels (~267 ppi pixel density) သော Screen ဖြစ်သည်။
နည်းပညာ
ကင်မရာပိုင်းတွင် ကောင်းမွန်သော နည်းပညာများကို ထည့်သွင်းပေးထားသည်။ ရှေ့ကင်မရာတွင် Flash မီးပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်းရိုက်နိုင် မည်ဖြစ်သည်။ ဓာတ်ပုံပိုင်းတွင် အသံများကိုပါ ထည့်သွင်းရိုက်ကူးနိုင်သော Sound & Shot စနစ်၊ ပုံမှန် Auto စနစ်အပြင် အလင်းအမှောင်များ ISO, White Balance အစရှိသည်တို့ကို ကိုယ့်စိတ်ကြိုက် ချိန်ညှိရိုက်ကူးနိုင်သော Pro စနစ်၊ လှုပ်ရှားမှုများ အားကစား ပြုလုပ်ခြင်းများကို ရိုက်ကူးနိုင်သော Sports အစရှိသော စနစ်များ ပါဝင်မည် ဖြစ်သည်။ ဖုန်း၏ Setting ပိုင်းတွင်လည်း မိမိအသုံးများသော စနစ်များအား ရွေးချယ်ကာ သီးသန့်အနေဖြင့် အလျင်အမြန် အသုံးပြုနိုင် စေရန်အတွက် ပြုလုပ်ထားနိုင်သော ပုံစံမျိုးပြုလုပ် ပေးထားသည်။ အသံပိုင်းအတွက်လည်း Sound Effect များပါဝင်မည်ဖြစ်ပြီး နားကြပ်တပ်ဆင် အသုံးပြုချိန်တွင် အဆိုပါ အသံစနစ်များကို စိတ်ကြိုက်အသုံးပြု နိုင်မည်ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
ဖုန်းလုပ်ဆောင်ချက် များအတွက် Octa-core 1.5 GHz CPU ပါဝင်မည်ဖြစ်ပြီး ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Mali-T720MP2 GPU ပါဝင်သည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 1.5GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 128GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 13Mega Pixel နောက်ဘက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်နေရာလုံးအတွက် LED Flash ပါဝင်မည်ဖြစ်သည်။ Bluetooth v4.1, A2DP နှင့် ပါဝါသိုလှောင်မှုအတွက် Li-Ion 3000 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Micro Sim နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက J7 သည် တန်ဖိုး အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းတွင်ပါဝင် ဖွဲ့စည်းထားသော CPU, GPU, Memory အစရှိသော စနစ်ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ကင်မရာ နည်းပညာပိုင်းတွင် အဆင်ပြေပြေ အသုံးပြုနိုင်သည့်အပြင် ရှေ့ကင်မရာတွင် LED Flash ပါဝင်သောကြောင့် Selfie ရိုက်သူများ အဆင်ပြေနိုင်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း ရှင်းလင်းသော မြင်ကွင်းမျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။