သင့် Android ဖုန်းအဟောင်းလေးဟာ အရင်လို မြန်ဆန်ပေါ့ပါးမှုမရှိတော့လို့ စိတ်ညစ်နေပါသလား။ ဒါဟာ ကွန်ပြူတာတိုင်း၊ ဖုန်းတိုင်းမှာ ကြုံတွေ့ရလေ့ ရှိတဲ့ပြဿနာတစ်ခုဖြစ်လို့ အရမ်းစိတ်မညစ်ပါနဲ့။
သင့်ရဲ့ဖုန်းအဟောင်းလေးကို မြန်ဆန်ပေါ့ပါးလာအောင် လွယ်လွယ်ကူကူပြန်လုပ်လို့ရတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီထဲကမှ နှေးကွေးနေတဲ့ Android ဖုန်းစွမ်းဆောင်ရည်ကို လွယ်လွယ်ကူကူပြန်မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မသုံးဖြစ်တဲ့ Apps တွေအကုန် uninstall လုပ်၊ဖျက်ပစ်ပါ
ကျွန်တော်တို့ဟာ စိတ်ဝင်စားစရာ app လေးတစ်ခုတွေ့ရင် ဒေါင်းလုဒ်ဆွဲ၊ တစ်ခါနှစ်ခါစမ်းသုံးကြည့်တတ်ကြပြီး၊ သဘောမတွေ့တဲ့အခါ ဆက်မသုံးတတ်ကြပါဘူး။ ဒါပေမယ့် သင်မသုံးဖြစ်တော့တဲ့ app တွေဟာ သင့်ရဲ့ CPU ကို နှေးကွေးစေပြီး၊ ဖုန်းစစ်စတမ်ရဲ့ memory မှာလည်း နေရာယူထားတာကြောင့်၊ ဖုန်းကိုလေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီ Apps တွေကို ဖျက်ဖို့အတွက် ဖုန်း ‘settings’ ထဲကနေ ‘App Manager’ ဆီ သွားပါ။ သင်မသုံးဖြစ်တော့တဲ့ App တွေကိုရှာပြီး Uninstall လုပ်ပေးပါ။
၂။ ဖုန်းကို Update လုပ်ကြည့်ပါ
ဖုန်းထဲက app တစ်ခုဟာ အရမ်းဗားရှင်းဟောင်းနေတာကြောင့်လည်း ဖုန်းလေးနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် Play Store ကနေ တဆင့် ဟောင်းနေတဲ့ app တွေကို update လုပ်ပေးပါ။
ဖုန်းစနစ်အတွက် update ကိုတော့ ဖုန်း ‘Settings’ ထဲက၊ About Phone နေရာမှာ update ရှိလားသွားကြည့်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းအတွက် update ရှိတယ်ဆိုရင်၊ install လုပ်လိုက်ပါ။ ဖုန်း OS ကို update လုပ်လိုက်တာကနေ အလွဲလွဲအချော်ချော်ဖြစ်သွားရတဲ့အကြောင်းတွေကြားပြီး သိပ်လန့်မနေပါနဲ့။ များသောအားဖြင့် OS update တွေဟာ ဖုန်းအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ လုံခြုံရေးဆိုင်ရာဖြည့်စွက်မှုတွေ အပြင် စွမ်းဆောင်ရည်ပိုင်းမြှင့်တင်ပေးမှုတွေ ပါလေ့ရှိပါတယ်။
၃။ ဖုန်း Home Screen က မလိုတာတွေကိုဖြုတ်ပါ
ဖုန်းအများစုမှာ သူ့ဖုန်း home screen နဲ့ သူရှိတတ်ပါတယ်။ Home Screen ဆိုတာ သင်ဖုန်းကို စဖွင့်ဖွင့်ချင်းမြင်ရတဲ့ မျက်နှာပြင်ကို ဆိုလိုတာပါ။ ဒီ Home Screen မှာ မိုးလေ၀သဆိုင်ရာအချက်အလက်ပေးတဲ့ Widgets တွေ၊ သတင်းတွေဖော်ပြတဲ့ Widgets တွေ စသဖြင့် ပါတတ်ပါတယ်။ တကယ်လို့ သင့်ဖုန်းက ဟန်းနေတယ်ဆိုရင်၊ ဒီ widget တွေကို မထားတာအကောင်းဆုံးပါပဲ။ ဒီ့အပြင် ဖုန်း နောက်ခံပုံ (wallpaper) ကို သက်ဝင်နောက်ခံပုံ (live wallpaper) တွေထားတာကလည်း ဖုန်းစွမ်းဆောင်ရည်ကိုကျဆင်းနိုင်ပါတယ်။
၎။ ဖုန်းရဲ့ စွမ်းအင်ခြွေတာမှုနည်းလမ်း (Power Saving Mode) ကို မလိုပဲမသုံးပါနဲ့။
နေ့လယ်ပဲရှိသေးတယ်၊ ဖုန်းကအားတစ်စက်မှမရှိတော့ဘူးလား။ စွမ်းအင်ခြွေတာမှုနည်းလမ်း (Power Saving Mode) ကို ပြောင်းထားမယ်ဆိုရင် ဖုန်း ဘက်ထရီသုံးစွဲမှုသက်သာပြီး၊ အချိန်ကြာကြာပိုသုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ဖုန်းပရိုဆက်ဆာလည်ပတ်မှုကိုကျဆင်းစေတာကြောင့် ဖုန်းက အနည်းငယ်လေးနေတယ်လို့ ထင်နေရတတ်ပါတယ်။ ဒါကြောင့် ဘက်ထရီတကယ်မနည်းနေပဲနဲ့၊ ဖုန်းကို Power Saving Mode မှာ မထားထားပါနဲ့။ တစ်ချို့လူတွေက ဘက်ထရီပိုကြာကြာခံရင်ပြီးရောဆိုပြီး တစ်ချိန်လုံး Power Saving Mode နဲ့ပဲ ဖုန်းသုံးတတ်ကြလို့ပါ။
၅။ Factory Reset ချကြည့်ပါ။
စမတ်ဖုန်းတွေဟာ ဘယ်လောက်ပဲအဆင့်မြင့်လာလာ၊ ပြီးပြည့်စုံကောင်းမွန်တဲ့အဆင့်ကိုတော့မရောက်သေးပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဖုန်းက ဘာအပြစ်အနာအဆာကြောင့် လေးကွေးနေလဲဆိုတာ မသိနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ တကယ်လို့ အပေါ်ကနည်းလမ်းတွေအားလုံး လုပ်ပြီးတာတောင် ဖုန်းကလေးနေတုန်းဆိုရင်တော့၊ ဖုန်းကို Factory Reset ချကြည့်စေချင်ပါတယ်။
Factory Reset ချတာဟာ၊ ဖုန်းထဲသွင်းထားတဲ့ app တွေကြောင့်ဖြစ်နေတဲ့ပြဿနာတွေ နဲ့ တခြားဖုန်းစနစ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက၊ ဖုန်းကို Factory Reset မချခင်၊ ဖုန်းထဲက ကိုယ့်ဓာတ်ပုံ၊သီချင်း၊ဗီဒီယိုနဲ့ အရေးကြီး ဖိုင်တွေကို SD ကတ်ထဲပြောင်းထည့်တာမျိုးလုပ်ထားပါ။
SD ကတ်မရှိရင်၊ အွန်လိုင်းဖိုင်သိမ်းဆည်းရေးဝန်ဆောင်မှုတွေဖြစ်တဲ့ Dropbox ၊ Google Drive တို့မှာ ကိုယ့်ဖိုင်တွေကို သွားသိမ်းထားနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဖုန်းပြန်တက်လာတဲ့အခါ၊ ဖုန်းဟာ သူ့ကိုထုတ်ထားတုန်းက system အခြေအနေ အတိုင်းပြန်ရောက်သွားပြီး၊ သင်ကြုံတွေ့နေရတဲ့ပြဿနာတွေ ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။